စစ်ကောင်စီရဲ့ ကျောက်ပန္ဒူစခန်းကို AA သိမ်းပိုက်လိုက်ကြောင်း သတင်းများ ထွက်ပေါ်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မောင်တော-အငူမော်လမ်းရှိ ကျောက်ပန္ဒူနယ်ခြားစောင့်စခန်းကို အာရက္ခတပ်တော် AA က ဒီကနေ့ ဇွန်လ (၃) ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ရရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
မြေပြင်သတင်းအရင်းအမြစ်များက ကျောက်ပန္ဒူနယ်ခြားစောင့်စခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ AA တို့ကြား ယမန်နေ့ ဇွန်လ (၂)ရက်နေ့ ညပိုင်းကတည်းက ထိပ်တိုက် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ စခန်းကနေ ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ရှိတယ် သိရပါတယ်။
AA သိမ်းပိုက်ထားတဲ့ ကျောက်ပန္ဒူနယ်ခြားစောင့်စခန်း အနီးတဝိုက်ကိုလည်း စစ်ကောင်စီက လေကြောင်းကနေ တဆင့် ဗုံးကြဲ တိုက်ခိုက်မှုတွေကို ဒီကနေ့ ဇွန်လ (၃) ရက်နေ့ နံနက်ပိုင်းမှာ လုပ်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီ အနေနဲ့ AA ရဲ့ ထိုးစစ်တွေကို အလယ်သံကျော်စခန်း၊ မောရတီနဲ့ မြင်းလွှတ်စတဲ့ ခြေကုပ်စခန်းတွေကို အင်အားဖြည့်တင်းကာ ခံစစ်အနေအထား ပြင်ဆင်ထားတယ်လို့ အကဲခတ်သူတွေက ပြောပါတယ်။
မကြာခင် ရက်ပိုင်းအတွင်း AA နဲ့ စစ်ကောင်စီတို့ကြား မောင်တောမြို့ အနီးတဝိုက်မှာ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ဓာတ်ပုံ – ကျောက်ပန္ဒူရွာ(ပုံဟောင်း)