ရိုဟင်ဂျာတွေနေရပ်ပြန်ရေးမှာ အကူအညီ ပေးဖို့ တရုတ်အထူးသံတမန်ကို ဘင်္ဂလားဒေရှ့် တိုက်တွန်း
ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ကောဇ့်ဘဇားခရိုင် ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာတွေ အမြန်ဆုံးနေရပ်ပြန်နိုင်ရေးအတွက် မြန်မာနိုင်ငံအစိုးရနဲ့ ပူးပေါင်းပြီး အဆင်ပြေတဲ့လမ်းကြောင်းဖန်တီးကာ အကူအညီပေးဖို့ ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen က မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် Deng Xijun ကို ဇွန်လ (၄) ရက်၊ င်္အဂါနေ့မှာ ကျင်းပတဲ့ ၁၃ ကြိမ်မြောက် နှစ်နိုင်ငံနိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
ကောဇ့်ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ လူများပြားနေပြီး သေးငယ်တဲ့နေရာအတွင်း စီမံခန့်ခွဲဖို့ ခက်ခဲကြောင်း၊ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေးမှာတက်ကြွစွာပါဝင်ပြီးလုပ်တာထက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုသာ အဓိကထား အာရုံစိုက်နေကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီး Masud ကပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးစိုးရိမ်နေရတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး နယ်စပ်ဒေသတွေမှာ ဆိုးရွားတဲ့ ခြိမ်းခြောက်မှုလုပ်နေတာတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက် လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်သူတွေအားလုံးနဲ့ ညှိနှိုင်းဆွေးနွေးဖို့ တရုတ်သံတမန်အထူးကိုယ်စားလှယ်အား တိုက်တွန်းထားပါတယ်။
တရုတ်သံတမန်အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံသားရိုဟင်ဂျာတွေကို ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်စတင်ရာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ သူတို့ပါဝင်မယ်လို့ ကတိပေးပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၆ နှစ်အရင်က နယူးယောက်တွင်ဘင်္ဂလားဒေ့ရှ်၊ တရုတ်နဲ့ မြန်မာတို့အကြား ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေး သုံးပွင့်ဆိုင် အစည်းအဝေးတချို့လည်း ပြုလုပ်ခဲ့တယ်။
ရိုဟင်ဂျာတွေက မြန်မာနိုင်ငံသားတွေဖြစ်ကြပြီး သူတို့ မြန်မာနိုင်ငံကို အောင်မြင်စွာ နေရပ်ပြန်ပို့ခြင်းကသာ တစ်ခုတည်း လက်တွေ့ကျတဲ့ လုပ်ဆောင်မှုဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်က ပြောကြားခဲ့ပါတယ်။
လက်ရှိ ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ကောဇ့်ဘဇားခရိုင်ဒုက္ခသည်စခန်းအတွင်း ရိုဟင်ဂျာဒုက္ခသည် စုစုပေါင်း ၁.၃ သန်းခန့်ရှိတယ်လို့လည်း ပြောပါတယ်။
Ref – Dhaka Tribune