ဗျိုင်းဖြူရွာတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့်ပတ်သက်၍ NUG ထုတ်ပြန်
ဗျိုင်းဖြူရွာတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့်ပတ်သက်၍ တရားမျှတမှုပြန်လည် ရရှိနိုင်ရေး ဒေသတွင်း တော်လှန်ရေးအဖွဲ့များအပါ မည်သည့်အဖွဲ့အစည်းနှင့် မဆို ပူးပေါင်းကာ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း NUG ထုတ်ပြန်
အကြမ်းဖက်စစ်အုပ်စုက ဗျိုင်းဖြူရွာတွင် ကျူးလွန်ခဲ့သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်ခံရသူများအားလုံးအတွက် တရားမျှတမှုပြန်လည် ရရှိနိုင်ရေး ဒေသတွင်း တော်လှန်ရေးအဖွဲ့များအပါအဝင် တရားမျှတမှုကို လိုလားသော မည်သည့်အဖွဲ့အစည်းနှင့် မဆို ပူးပေါင်းကာ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ထုတ်ပြန်ထားပါသည်။
“၂၀၂၄ခုနှစ်၊ မေလ (၂၉) ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စု၏ စစ်တွေအခြေစိုက် ဒကစ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ(၁၀၁) တပ်ဖွဲ့ဝင်များ၊ အခြားသောတပ်ရင်းအချို့ရှိ ထုတ်နုတ်အင်အားများနှင့် အခြားသော လက်နက်ကိုင်များ ပူးပေါင်းအင်အား (၁၇၀)ကျော်ပါဝင်သော စစ်ကြောင်းသည် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့၊ ဆတ်ရိုးကျချောင်းဘေးရှိ ဗျိုင်းဖြူရွာကို အလုံးအရင်းဖြင့် ဝင်ရောက်ကာ တရွာလုံးကို ပိတ်ဆို့ပြီး အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ နို့စို့ကလေးပါမကျန် လမ်းပေါ်ထွက်ခိုင်းကာ အသက် (၁၅)နှစ်မှ (၇၀)နှစ်ကြား အမျိုးသား(၄၈)ဦးနှင့် အမျိုးသမီး(၃)ဦး စုစုပေါင်းပြည်သူ (၅၁)ဦး ကို အကြမ်းဖက်
နှိပ်စက်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်ဖြစ်ပွါးခဲ့ပါသည်”ဟု ဖော်ပြထားပါသည်။
အဆိုပါ ဖြစ်စဉ်အတွင်း အကြမ်းဖက်စစ်အုပ်စုသည် အမျိုးသားများအား ရက်စက်စွာ နှိပ်စက်ညှဉ်းပန်းခြင်း၊ အမျိုးသမီးအချို့ကို မုဒိန်းကျင့်ခြင်း၊ ရွာသူရွာသား စုစုပေါင်း (၅၁) ဦးကို သတ်ဖြတ်ခြင်း၊ ရွာထဲရှိ ရွှေ၊ ငွေ၊ ဖုန်း၊ ဆိုင်ကယ်စသည့် ပစ္စည်းများကို ခိုးယူခြင်း၊ ဇွန်လ (၁) ရက်နေ့ နေ့လည် (၂) နာရီခန့်တွင်လည်း အဆိုပါဗျိုင်းဖြူကျေးရွာနှင့်ကပ်လျက် မင်းကင်းတောရွာသစ်၊ ရွာဟောင်းတို့အား အကြောင်းမဲ့မီးရှို့ခြင်းတို့ကို ကျူးလွန်ကာ နောက်ထပ်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတခုနှင့် စစ်ရာဇဝတ်မှုများကို ရက်စက်စွာ ကျူးလွန်ခဲ့ကြကြောင်း သိရှိရပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထုတရပ်လုံးအား အကြမ်းဖက်စစ်အုပ်စု၏ ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်မှုဒဏ်မှ ကာကွယ်မှုပေးနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် အကြမ်းဖက်စစ်အုပ်စုက အရပ်သားများကို ယခုကဲ့သို့ ရက်စက်စွာ သတ်ဖြတ်နေမှုအပေါ် ပြင်းထန်စွာ ရှုတ်ချပြီး အကြမ်းဖက်စစ်အုပ်စုကျူးလွန်ခဲ့သော ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ အားလုံးတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တာဝန်ရှိသူများ၊ ပါဝင်ပတ်သက်သူများ အားလုံးအား တရားဥပဒေရှေ့မှောက်သို့ အမြန်ဆုံးပို့ဆောင်ပြီး ကျူးလွန်ခံရသူများအားလုံးအတွက် တရားမျှတမှုပြန်လည် ရရှိနိုင်ရေး ဒေသတွင်း တော်လှန်ရေးအဖွဲ့များအပါအဝင် တရားမျှတမှုကို လိုလားသော မည်သည့်အဖွဲ့အစည်းနှင့် မဆို ပူးပေါင်းကာ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။