AA က လုံခြုံရေးသင်တန်း ပေးမယ်ဆိုပြီး ခေါ်သွားခံရတဲ့ ရိုဟင်ဂျာ အများအပြား မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေ
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ ရိုဟင်ဂျာ ကျေးရွာတွေကနေ AA တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးသင်တန်းပေးဖို့ ခေါ်သွားခံရတဲ့ ရိုဟင်ဂျာ အများအပြားဟာ မိသားစုဝင်တွေနဲ့ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ကာယကံရှင်တွေရဲ့ မိသားစုဝင်တွေက AEN သတင်းဌာနကို ပြောပါတယ်။
မောင်တောမြို့ မြောက်ပိုင်း၊ ငန်းချောင်းကျေးရွာနေ ရိုဟင်ဂျာ ၃၀ဦးကို ပြီးခဲ့တဲ့ ဧပြီလ ၁ရက်နေ့က အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တွေကနေ လုံခြုံရေးသင်တန်း ပေးမယ်ဆိုကာ ခေါ်သွားခဲ့ပြီးနောက် မိသားစုဝင်တွေနဲ့ ယနေ့ထိ အဆက်အသွယ် မရတော့ဘူးလို့ သိရပါတယ်။ အလားတူ ဧပြီလ ၅ရက်နေ့က ခေါ်သွားတဲ့ ကြက်ရိုးပြင်ကျေးရွာသား ရိုဟင်ဂျာ ၁၁ဦး၊ မေလ ၈ရက်နေ့က ခေါ်သွားတဲ့ ငါးခူရကျေးရွာသား ၂၀ဦးနဲ့ မေလ ၁၅ရက်နေ့က ခေါ်သွားတဲ့ ဦးရှဉ့်ကျားကျေးရွာသား ၂၇ဦးတို့မှာလည်း မိသားစုဝင်တွေက သူတို့ကို ဆက်သွယ်လို့ မရတော့ဘူးလို့ သိရပါတယ်။
AA ကနေ လုံခြုံရေးသင်တန်းတက်ဖို့ လာရောက် ခေါ်တဲ့အခါ မဖြစ်မနေ လိုက်သွားရတယ်ဆိုတဲ့ အကြောင်း ဒေသခံ ရိုဟင်ဂျာရွာသားတွေက ပြောပါတယ်။
အာရက္ခတပ်တော် AA အနေနဲ့ သူတို့ဆီ ခေါ်ထားတဲ့ ရိုဟင်ဂျာတွေကို မိသားစုဝင်တွေနဲ့ အဆက်အသွယ် ပေးလုပ်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
AA ဆီ ရောက်နေတဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး ကာယကံရှင်မိသားစုဝင်တွေ အနေနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
ဓာတ်ပုံ – AA (ပုံအဟောင်း)