ဘင်္ဂလားဒေရှ့်ငါးဖမ်းသမား ၆၀ ကျော်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့မှာ မြန်မာရေတပ်က လက်နက်ပစ်ခတ်ပြီး ဖမ်းဆီးမှုနဲ့ပတ်သက်လို့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒါကာရှိ မြန်မာသံရုံးကို ကန့်ကွက်ရှုတ်ချတယ်လို့ ပြောကြားခဲ့ပါတယ်။
အဆိုပါဖမ်းဆီးရာမှာ မြန်မာရေတပ်က လက်နက်ပစ်ခတ်လို့ ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ကောဇ့်ဘဇားခရိုင်၊ တဲခ်နာဖ်မြို့၊ ခူနာဖာရာမှာနေထိုင်တဲ့ အသက် ၆၀ အရွယ် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ဥိီးအုစ်မာန် (အသက် ၆၀) သေဆုံးမှုနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအစိုးရကို ဒီကနေ့ ကန့်ကွက်လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ မြန်မာသံရုံးကို ပေးပို့တဲ့ သံတမန်ရေး မှတ်ချက်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ငါးဖမ်းလှေ (၆) စီးဖမ်းဆီးထားမှုအပါအဝင် အဲ့ဒီကြေကွဲဖွယ် ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စိုးရိမ်တယ်လို့ ဖော်ပြခဲ့တယ်။ ငါးဖမ်းသမားအုစ်မာန်ဟာ ဘင်္ဂလားဒေ့ရှ်၊ စိန့်မားထိန်းအနီးမှာ ငါးဖမ်းနေစဉ်သတ်ဖြတ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းစောင့်တပ်နဲ့ မြန်မာရေတပ်တို့ကြား ဆက်သွယ်ပြီးနောက် အဆင့်နှစ်ဆင့်နဲ့ တံငါသည်တွေကို လှေတွေနဲ့အတူ မနေ့ကပြန်လွှတ်ပေးခဲ့ပါတယ်။
ယခုလိုမျိုးကြေကွဲဖွယ် လုပ်ရပ်တွေ ထပ်ဖြစ်မလာအောင် ချက်ခြင်း တားဆီးဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေပိုင်နက် ခိုင်မာမှုကို အပြည့်အဝ လေးစားလိုက်နာဖို့နဲ့ နောက်ထပ် ရန်စမှုတွေမှ ရှောင်ကြဉ်ဖို့ မြန်မာနိုင်ငံကို သတိပေးထားပါတယ်။