462809539_568951405709475_2151785979429793708_n.jpg

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း၊ မောင်ကြီးတောင်ကျေးရွာနေ ဒေသခံ ရွာသူရွာသား ရိုဟင်ဂျာတွေကို မူလနေရပ် မောင်ကြီးတောင်ရွာကနေ ရက္ခိုင့်တပ်တော် AA က နှင်ထုတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။

မောင်ကြီးတောင်ကျေးရွာတွင် ရိုဟင်ဂျာ အိမ်ခြေ (၈၀)ကျော် လူဦးရေ (၆၀၀) ဝန်းကျင်ရှိကာ အများစုက သာမန်လက်လုပ်လက်စားများ ဖြစ်တယ်လို့ ဘူးသီးတောင် ရိုဟင်ဂျာအသိုင်းအဝိုင်းက ပြောပြပါတယ်။

အောက်တိုဘာလ (၉)ရက်နေ့ နောက်ဆုံးထားပြီး မောင်ကြီးတောင်ရွာကနေ ထွက်သွားပေးရမယ်လို့ AA က အမိန့်ပေးထားတာဖြစ်ပြီး အောက်တိုဘာ (၉)ရက်နေ့တွင် AA စစ်ကြောင်း ရောက်ရှိလာကာ တစ်ရွာလုံးက ရိုဟင်ဂျာတွေကို နှင်ထုတ်ခဲ့တာလို့ အခင်းဖြစ်အခြေအနေကို သိရှိသူတွေက AEN သတင်းဌာနကို ပြောပါတယ်။

AA နှင်ထုတ်လို့ မောင်ကြီးတောင်ရွာကနေ စွန့်ခွာလာရတဲ့ ရိုဟင်ဂျာအုပ်စုဟာ မောင်ကြီးတောင်ရွာရဲ့ အရှေ့ဘက်ရှိ မေယုမြစ်ကမ်းဘေးတွင် အောက်တိုဘာလ (၉)ရက်နေ့ကနေ ဒီကနေ့ အောက်တိုဘာလ (၁၁)ရက်နေ့အထိ အမိုးအကာမဲ့ နေထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၁၁)ရက်နေ့မှာတော့ AA တပ်ဖွဲ့ဝင်တွေ မေယုမြစ်ကမ်းဘေးမှာ သောင်တင်နေတဲ့ မောင်ကြီးတောင်ဒေသခံ ရိုဟင်ဂျာအုပ်စုဆီ ရောက်ရှိလာပြီး အချို့ကို မေယုမြစ်အရှေ့ဘက်ကမ်းရှိ မောင်နှမကျေးရွာနဲ့ မောင်နှမပုလဲတောင်ရွာကြားက လယ်ကွင်းမှာ သွားရောက်နေထိုင်ဖို့ စေခိုင်းခဲ့ပြီး ကျန်ရှိတဲ့ မောင်ကြီးတောင်ဒေသခံ ရိုဟင်ဂျာများကို မောင်ကြီးတောင်ရွာ မြောက်ဘက်မှာရှိတဲ့ မြစ်နားရွာကျောင်းကို ခေါ်ဆောင်လာကာ ချုပ်နှောင်ထားတယ်လို့ ခိုင်မာတဲ့ မြေပြင်သတင်းအရင်းအမြစ်တွေက AEN ကို ပြောပါတယ်။

ULA/AA က ဘူးသီးတောင်မြို့နယ်အတွင်းနေ ရိုဟင်ဂျာများကို စစ်ကောင်စီနဲ့ တိုက်ပွဲများကို အကြောင်းခံကာ စနစ်တကျ မူလနေရပ်တွေကနေ ဖယ်ရှားတာ နှင်ထုတ်တာတွေအပါအဝင် ဘူးသီးတောင် ရိုဟင်ဂျာအသိုင်းအဝိုင်းတစ်ခုလုံး ချိနဲ့သွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာဖြစ်တယ်လို့ လေ့လာသုံးသပ်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ULA/AA ဘက်ကတော့ ရိုဟင်ဂျာအသိုင်းအဝိုင်းပေါ် သူတို့ရဲ့ ပြုမှုကိုင်တွယ်ပုံတွေနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့

သတင်းတွေကို ငြင်းဆန်ထားပါတယ်။

Scroll to Top