မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ဘေးရှောင်တွေနေထိုင်တဲ့ ဝေါစုကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နဲ့ သံဃာတော်တွေအပါအဝင် ပြည်သူ ၁၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၁ ရက် ဒီနေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်မှာ မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာက စစ်ဘေးရှောင်တွေနေထိုင်တဲ့ ဝေါစုကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းကနေ ပေါင်၂၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နဲ့ သံဃာတော်တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၁၂ ဦးသေဆုံးခဲ့ပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က အသိပေးထားပါတယ်။
ထိုသို့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ စစ်ဆင်ရေးနဲ့ လုံးဝမသက်ဆိုင်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပြီး ဂုဏ်သိက္ခာအကင်းမဲ့ဆုံး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်လို့ MDY- PDF က သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ မတ္တရာမြို့နယ်အရှေ့ခြမ်းအတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ထိတွေ့ တိုက်ပွဲဖြစ်ပွါးနေပြီး စစ်ကောင်စီဘက်က လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်လျက်ရှိနေတယ်လို့ သိရပါတယ်။