462359684_566361249301824_742746410442870365_n.jpg

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ ပန်းတော်ပြင်ကျေးရွာ ယခင်ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအာယာတူလာနဲ့ အကိုဖြစ်သူ ဦးရော်ရှိတူလာတို့ (၂)ဦးသည် မောင်တောကနေ ဘင်္ဂလားဒေ့ရှ်ဘက် စစ်ဘေးရှောင်လိုသူတွေကို AA တပ်ဖွဲ့ဝင်တွေရဲ့ အကာအကွယ်နဲ့ ဖိအားပေး ငွေကြေးတောင်းယူနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရသူတွေက AEN သတင်းဌာနကို ပြောပါတယ်။

ယခင် ပန်းတော်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာယာတူလာနဲ့ အကိုဖြစ်သူ ဦးရော်ရှိတူလာတို့ (၂)ဦးသည် လတ်တလော မောင်တောမြို့နယ်၊ ဒုညောင်ပင်ကြီးကျေးရွာမှာ နေထိုင်လျက်ရှိပြီး မောင်တောမြို့နယ်ကို ထိန်းချုပ်ထားတဲ့ AA အရာရှိတချို့နဲ့ ပူးပေါင်းကာ ဒေသခံ ရိုဟင်ဂျာတွေကို ဖိနှိပ်မှု၊ အကျပ်ကိုင် ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

မောင်တောကနေ ဘင်္ဂလားဒေ့ရှ်ဘက် စစ်ဘေးရှောင်လိုသူတွေကို ဦးအာယာတူလာနဲ့ အကိုဖြစ်သူ ဦးရော်ရှိတူလာတို့က တစ်ဦးလျှင် ငွေကျပ်သိန်း(၂၀)အထိ တောင်းယူနေသလို ရိုဟင်ဂျာတွေကို AA အရာရှိတချို့ အကာအကွယ်နဲ့ ခြိမ်းခြောက်အကျပ်အကိုင်နေတယ်လို့ ဦးရော်ရှိတူလာထံ ငွေသိန်း(၂၀) ပေးခဲ့ရတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ရိုဟင်ဂျာတစ်ဦးက ပြောပြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကနေ ပြင်းထန်လာတဲ့ မောင်တောမြို့နယ်အတွင်းက စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA တို့ကြားက တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်အတွင်းက ရိုဟင်ဂျာ အများအပြား နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသလို AA ရဲ့ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း မောင်တောမြို့ခံ အားလုံးနီးပါး စစ်ဘေးရှောင်နေရပြီး နတ်မြစ်ကို ဖြတ်ကူးကာ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ စစ်ဘေးရှောင်ဖို့ ထွက်ပြေးခိုလှုံနေကြသူတွေလည်း ထောင်နဲ့ချီအထိ ရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်အသိုင်းအဝိုင်းက ပြောပါတယ်။

မောင်တောကနေ တဖက်ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်း သွားရောက်ဖို့ရာ နေရာများကို AA က ထိန်းချုပ်ထားပြီး AA အရာရှိတွေနဲ့ နီးစပ်သူတွေကသာ လှေနဲ့ လူပို့ဆောင်တာတွေကို ငွေကြေးကောက်ခံ လုပ်ကိုင်နေတာ ဖြစ်တယ်လို့ ဒေသခံ ရိုဟင်ဂျာအသိုင်းအဝိုင်းက ပြောပါတယ်။

Scroll to Top