462174068_565600482711234_2880270630493021722_n.jpg

ရခိုင်ပြည်နယ် မြောက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ထိစပ်နေတဲ့ နေရာတွေမှာ ဒေသခံတွေ အသုံးပြုလို့ ရရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး မိုဘိုင်းဆင်းကဒ် အသုံးပြုမှုကို ရက္ခိုင့်တပ်တော် AA က တားမြစ်ပိတ်ပင်ထားတယ်လို့ မောင်တောမြို့နယ်အတွင်းက ရိုဟင်ဂျာတွေက AEN သတင်းဌာနကို ပြောပါတယ်။

AA ရဲ့ ဘင်္ဂလားဆင်းကဒ် အသုံးပြုတာကို ပိတ်ပင်မှုက ရိုဟင်ဂျာတွေကိုပဲ ပြုလုပ်တာဖြစ်ပြီး ရခိုင်အပါအဝင် တခြားလူမျိုးတွေရဲ့ ဘင်္ဂလားဆင်းကဒ် ကိုင်ဆောင် အသုံးပြုမှုကိုတော့ AA က တားမြစ်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ်အတော်များများမှာ ပြည်တွင်းက ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေတဲ့ MPT အပါအဝင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ ဆင်းကဒ်တွေ အသုံးပြုလို့ မရဘဲ ဆက်သွယ်ရေး ပြတ်တောက်လျက်ရှိနေပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်ချင်းထိစပ်မှုရှိတဲ့နေရာတွေမှာတော့ ဟိုးအရင်ကတည်းက ဒေသခံပြည်သူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို သုံးစွဲနေကြတာလို့ သိရပါတယ်။

AA အဖွဲ့ဝင်တွေအပါအဝင် ရခိုင်လူမျိုးများနဲ့ တခြားလူမျိုးများ အားလုံးနီးပါးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး ဆင်းကဒ်တွေ အသုံးပြုလို့ ရတဲ့နေရာတွေမှာ ဆက်သွယ်ရေးအတွက် ဘင်္ဂလားဆင်းကဒ်တွေကို အသုံးပြုနေကြတာဖြစ်ပြီး၊ ရိုဟင်ဂျာတွေကိုသာ ဘင်္ဂလားဆင်းကဒ် မသုံးရဆိုတာမျိုး သီးသန့် ခွဲခြားပြီး ပိတ်ပင်ထားတာ ဖြစ်တယ်လို့ ဒေသခံ ရိုဟင်ဂျာအသိုင်းအဝိိုင်းက ပြောပြပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်ထဲက AA ထိန်းချုပ်နယ်မြေထဲ နေရာအချို့မှာ အများပြည်သူအသုံးပြုဖို့ AA အမိန့်အရ သူတို့ခန့်အပ်ထားတဲ့ ကိုယ်စားလှယ်တွေက (၁)မိနစ် ဖုန်းပြောခ ငွေကျပ် ၃၀၀/- ကနေ ၅၀၀/- အထိ ငွေကောက်ခံပြီး ရိုဟင်ဂျာတွေကို ဖုန်းပြောဆိုခွင့် ပေးထားတယ်လို့ ဖုန်းဆက်သွယ်ပြောခွင့်ရ ရိုဟင်ဂျာတစ်ဦးက ပြောပြပါတယ်။

AA နဲ့ နီးစပ်တဲ့လူတချို့က ဘင်္ဂလားဆင်းကဒ်နဲ့ ဖုန်းဆက်ပြောတာကို ငွေကြေးကောက်ခံပြီး လုပ်ပေးနေတာရှိတယ်။ ဖုန်းပြောခ (၁)မိနစ်ကို ငါးရာအထိ ပေးရတာအခါလည်းရှိတယ်။ ဖုန်းဆက်ချင်ရင် ဘယ်သူ့ဆီ ဆက်တယ်ဆိုတဲ့အကြောင်းနဲ့ ဘာအကြောင်းအရာတွေကို ပြောဆိုတယ်ဆိုတဲ့အကြောင်းတွေကို ဖုန်းကိုင်ထားတဲ့ AA ခန့် ကိုယ်စားလှယ်တွေက AA ဆီ နေ့စဉ် စာနဲ့ရေးပြီး အစီအရင်ခံ တင်ပြရတယ်လို့ စုံစမ်းသိရှိရပါတယ်။

မောင်တောမြို့တိုက်ပွဲအတွင်း စစ်ဘေးရှောင်လာတဲ့ မောင်တောမြို့ခံ ရိုဟင်ဂျာတွေနဲ့ မောင်တောမြို့နယ်ထဲက ရိုဟင်ဂျာတွေရဲ့ ရာနဲ့ချီတဲ့ လက်ကိုင်ဖုန်းတွေကိုလည်း AA က သိမ်းယူထားခဲ့တာ ဖြစ်ပါတယ်။

Scroll to Top