ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ တောင်ပြိုကနေ စျေးဝယ်ပြီး ပြန်လာတဲ့ မော်တော်ယာဉ်တစ်စီးကို အာဆာလက်နက်ကိုင်အဖွဲ့က အလစ်ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၄ ဦးမှာ ဒဏ်ရာရရှိခဲ့တယ်လို့ မောင်တောသတင်းအရင်းအမြစ်တွေ ပြောပါတယ်။
အောက်တိုဘာလ ၆ ရက် မနေ့က ညနေ ၄ နာရီခန့်မှာ မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုမြို့ကနေ စျေးဝယ်ပြီး အိမ်ပြန်လာတဲ့ အရပ်သား ကားတစ်စီးကို အာဆာလက်နက်ကိုင်အဖွဲ့က ခြုံခိုပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့တာကြောင့် အောင်မင်္ဂလာကျေးရွာနေအသက် ၃၈ နှစ်အရွယ် ဒေါ်ဆန်းဆန်းဦးမှာ ဝဲဖက်နားထင်ကို ကျည်ထိမှန်ကာ သေဆုံးခဲ့ပြီး ၄ ဦးမှာ လက်နက်ငယ်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ရက္ခိုင့်တပ်တော် (AA)က ဒီနေ့ ထုတ်ပြန်လာပါတယ်။
လက်ရှိမှာ ဒဏ်ရာရရှိသူ ၄ ဦးအနက် ၁ ဦးဟာ ဝမ်းဗိုက်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နောက် ၁ ဦးဟာ ဦးခေါင်းမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တာကြောင့် ရက္ခိုင့်တပ်တော် (AA)ရဲ့ ပြည်သူ့ကျန်းမာရေးဌာနက ဆေးကုသပေးလျက်ရှိတယ်လို့ ဆိုပါတယ်။
ရက္ခိုင့်တပ်တော် (AA)က အခုလို အပြစ်မဲ့အရပ်သားပြည်သူတွေကို အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်သွားခဲ့တဲ့ အာဆာလက်နက်ကိုင်အဖွဲ့ကို လိုက်လံရှင်းလင်းနေတယ်လို့ အသိပေးထားပါတယ်။
အာဆာလက်နက်ကိုင်အဖွဲ့ရဲ့ သတင်းတွေကို ဖော်ပြလေ့ရှိတဲ့ လူမှုကွန်ရက်စာမျက်နှာ X မှာ အာဆာအဖွဲ့က မောင်တောမှာ AA အတွက် ရိက္ခာသယ်ယူလာတဲ့ ယာဉ်တစ်စီးကို သူတို့ တိုက်ခိုက်ခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
လတ်တလော မောင်တောမြောက်ပိုင်းက တောင်ပြို၊ တမန်းသား၊ ဇင်ပိုင်ညာ၊ ကျွန်းပေါက်၊ ထရိန်းနဲ့ လောင်းဒုံတို့အနီးတွင် AA နဲ့ အာဆာတို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ ရှိတယ်လို့ မောင်တောသတင်းအရင်းအမြစ်တွေက ဆိုပါတယ်။
အာဆာလက်နက်ကိုင်အဖွဲ့ ARSA (Arakan Rohingya Salvation Army) ဟာ ရိုဟင်ဂျာလွတ်မြောက်ရေးလို့ ဆိုကာ ၂၀၁၆ ခုနှစ်ဝန်းကျင်ခန့်က ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ကနဦးပိုင်းမှာ မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်စခန်းတွေကို တိုက်ခိုက်ခဲ့တာတွေရှိခဲ့ပြီး ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ အာဆာလက်နက်ကိုင်တို့ကြား ပူးပေါင်းခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်မှာ အာဆာနဲ့ စစ်ကောင်စီကြား ပေါ်ပေါ်ထင်ထင် ပူးပေါင်းလုပ်ကိုင်နေတာတွေ ရှိခဲ့တဲ့အပြင် စစ်ကောင်စီက အာဆာအဖွဲ့ကို လက်နက်ခဲယမ်းများ ထောက်ပံ့မှုတွေ ရှိခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
အာဆာလက်နက်ကိုင်အဖွဲ့ကို ပြည်တွင်း၊ ပြည်ပ ရိုဟင်ဂျာနိုင်ငံရေးအဖွဲ့အစည်းတွေ၊ ရိုဟင်ဂျာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက အခါအားလျော်စွာ ဆန့်ကျင် ရှုတ်ချနေကြသလို ရိုဟင်ဂျာနိုင်ငံရေးအဖွဲ့အစည်း အများအပြား စုပေါင်းကာ အာဆာလက်နက်ကိုင်အဖွဲ့ဟာ ရိုဟင်ဂျာအမည်ခံတွေဖြစ်ကာ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့အဖွဲ့သာ ဖြစ်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။