အစ္စရေးရဲ့ တိုက်ခိုက်မှုနောက်ကွယ်မှာ အမေရိကန် ပါဝင်ပတ်သက်နေတယ်လို့ အီရန်ဘက်က ပြောဆိုထားပါတယ်။
အစ္စရေးတိုက်လေယာဉ်တွေက အီရတ်လေပိုင်နက်ကနေ ပျံသန်းဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် နောက်ကွယ်မှာ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှု ရှိနေတာကို ငြင်းမရဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အီရန်သံတမန်က မနေ့က ပြောကြားခဲ့ပြီး အမေရိကန်ရဲ့လုပ်ရပ်ကို ပြစ်တင်ထားပါတယ်။
အမေရိကန်စစ်တပ်ရဲ့ ကွပ်ကဲထိန်းချုပ်မှုအောက်မှာရှိနေတဲ့ အီရတ်ဝေဟင်ပိုင်နက်ကို အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် အစ္စရေးကျူးလွန်တဲ့ ရာဇ၀တ်ထဲ အမေရိကန် ပါဝင်ပတ်သက်မှု အသေအချာရှိနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အီရန်သံတမန်အဖွဲ့က ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ အီရန်က အစ္စရေးကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးဘက်က အီရန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုတွေထဲ အီရန်နယ်စပ် မိုင် ၇၀ ခန့်အကွာမှာရှိတဲ့ အီရတ်လေပိုင်နက်ကို အသုံးပြုတိုက်ခိုက်ခဲ့မှုအတွင်း အနည်းဆုံး အီရန်စစ်သား လေးဦး သေဆုံးခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေက ဖော်ပြကြပါတယ်။
အစ္စရေးရဲ့ အီရန်အပေါ် တိုက်ခိုက်မှုအတွင်း အမေရိကန်ဘက်က ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုပြီး အီရန်ရဲ့ စွပ်စွဲချက်တွေကို ပယ်ချခဲ့ပါတယ်။
အမေရိကန်က အစ္စရေးနဲ့ အီရန်အပြန်အလှန် တုံ့ပြန်နေမှုက အကျိုးမရှိဘူးလို့ ပြောထားပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်တာတွေ ထပ်မလုပ်ဖို့ တောင်းဆိုထားပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုမှန်သမျှကို ပြင်းပြင်းထန်ထန် တုံ့ပြန်မှုမယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် အရာရှိတွေကို ကိုးကားပြီး အီရန်အစိုးရပိုင် ရုပ်မြင်သံကြားကနေ ဖော်ပြထားပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သူ့အနေနဲ့ အီရန် အစ္စရေး အပြန်အလှန်တိုက်ခိုက်မှုတွေ အဆုံးသတ်သွားမယ်လို့ မျှော်လင့်တယ်လို့ မနေ့က သတင်းထောက်တွေကို ပြောထားပါတယ်။