464318213_580881201183162_4389819133202999052_n.jpg

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် စစ်ဘေးရှောင်ဖို့ နတ်မြစ်ကို ဖြတ်ကူးကြတဲ့ မောင်တောဒေသခံ ရိုဟင်ဂျာတွေထဲ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက ကမ်းကပ်ဖို့ မပေးလို့ လှည့်ပြန်လာကြသူ​ ရိုဟင်ဂျာ ၈၃ ဦးကို ရက္ခိုင့်တပ်တော် AA က အောက်တိုဘာလ ၁၁ရက်နေ့ကတည်းက ဖမ်းဆီးချုပ်နှောင်ထားရာ ယနေ့အထိ ပြန်မလွှတ်သေးဘူးလို့ ဒေသခံ ရိုဟင်ဂျာအသိုင်းအဝိုင်းက AEN ကို ပြောပါတယ်။

AA က စစ်ဘေးရှောင်ရိုဟင်ဂျာတွေကို မောင်တောမြို့နယ် မင်္ဂလာကြီးပြင်ဖြူကင်းစခန်းနဲ့ ပေါင်းဇားကင်းစခန်းစတဲ့ နေရာတွေမှာ ချုပ်နှောင်ထားတယ်လို့ သတင်းရရှိပါတယ်။

AA ဖမ်းထားတဲ့ စစ်ဘေးရှောင်ရိုဟင်ဂျာတွေထဲ မောင်လာနာဟာမိတ်ဆိုတဲ့ အသက် ၇၀ ကျော်အရွယ်ရှိ မောင်တောဒေသခံ အစ္စလာမ်ဘာသာရေးပညာရှင် လူသိများသူလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

” ဆရာကြီးဟာမိတ်က အရင်ကတည်းက ကျန်းမာရေးမကောင်းတဲ့သူပါ။ ဆရာဝန်ပြဖို့ ဆေးကုဖို့ လိုအပ်နေတဲ့သူပါ။ မောင်တောမှာ ဆေးကုဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူး။ တိုက်ပွဲကလည်း နေ့တိုင်းဖြစ်နေတယ်။ ဒါနဲ့အောက်တိုဘာလ ၁၁ရက်နေ့က ဘင်္ဂလားဒေ့ရှ်ဘက် လှေနဲ့သွားတဲ့သူတွေနဲ့ ဆရာကြီးဟာမိတ်ပါ ဆေးကုဖို့လိုက်သွားတာ ဘင်္ဂလားဒေ့ရှ်ဘက်က လက်မခံလို့ ဒီဘက်ပြန်လာတော့ AA က ဖမ်းသွားတာ အခုထိ မလွှတ်ပေးသေးဘူး။ ဆရာကြီးဟာမိတ် ကျန်းမာရေးက အတော်ဆိုးရွားနေတယ် ” လို့ ဆရာကြီးရဲ့ အခြေအနေကို သိရှိသူ မောင်တောဒေသခံ ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။

AA အရာရှိတွေဆီ ဆရာကြီးဟာမိတ်ကို ပြန်လွှတ်ပေးဖို့ သွားရောက် အသနားခံကြတဲ့ ရိုဟင်ဂျာတွေလည်း ရှိတယ်လို့ သိရပါတယ်။

” ကျန်းမာရေးလည်း မကောင်း အသက်လည်းကြီးပြီးဖြစ်တဲ့ မောင်လာနာဆပ်ကို ပြန်လွှတ်ပေးဖို့ AA ဆီ တောင်းပန်ပြီးပြောပြတယ်။ ဒါလည်း မလွတ်ပေးပါဘူး။ အကြောင်းမဲ့ဖမ်းတာ ” လို့ မောင်တောဒေသခံ ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။

ဖမ်းခံနေရတဲ့ ၈၃ ဦးအနက် မင်္ဂလာကြီးပြင်ဖြူကင်းစခန်းမှာ ချုပ်နှောင်ခံနေရတဲ့ ၄၃ ဦးကို AA တပ်ဖွဲ့ဝင်တွေက ရိုက်နှက်တာတွေ အစာရေစာ မကျွေးတာတွေ ရှိတယ်လို့ သိရပါတယ်။

နေ့စဉ်ရက်ဆက် စစ်ကောင်စီက ရခိုင်ပြည်နယ်မြောက်ပိုင်းကို လေကြောင်းကနေ ဗုံးကြဲနေပြီး စစ်ကောင်စီ ဗုံးကြဲတဲ့နေရာတွေထဲ စစ်တပ်စခန်းဟောင်းတွေလည်း ပါဝင်နေတာမို့ အခုလို စစ်ဘေးရှောင်ရိုဟင်ဂျာတွေကို စစ်ကောင်စီရဲ့ စခန်းဟောင်းနေရာတွေမှာ ချုပ်နှောင်ထားတာဟာ အရမ်းအန္တရာယ်များလွန်းတဲ့ အခြေအနေလို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

ULA/AA ရဲ့ ထုတ်ပြန်ချက်တွေနဲ့ AA ကျောထောက်နောက်ခံ မီဒီယာတွေက ဖော်ပြနေသလိုမျိုး ULA/AA က ရခိုင်ပြည်နယ်ဒေသခံ ရိုဟင်ဂျာအသိုင်းအဝိုင်းကို မျှမျှတတ ဆက်ဆံနေတယ်ဆိုတာတွေက မှန်ကန်မှု မရှိဘူးလို့ AEN သတင်းဌာနက လတ်တလော ဆက်သွယ်မေးမြန်းခွင့်ရတဲ့ ဒါဇင်နဲ့ချီတဲ့ မောင်တောခရိုင်အတွင်းနေ ဒေသခံ ရိုဟင်ဂျာတွေ ပြောပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေကို သိမ်းပိုက်ပြီး ရိုဟင်ဂျာတွေကို သူတို့နေအိမ်ကနေ နှင်ထုတ်တာ သတ်ဖြတ်တာ ဖမ်းဆီးတာတွေကြောင့် ရိုဟင်ဂျာတွေရဲ့ အခြေအနေ ပိုမိုဆိုးရွားလာနေတယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက လတ်တလော ထုတ်ပြန်ထားတဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

Scroll to Top