အောက်တိုဘာလ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ သုံးရက်တာ ကာလအတွင်း ပဲခူးတိုင်း ပဲနွယ်ကုန်း၊ ကျောက်ကြီးနဲ့ တောင်ငူမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ တောင်ပိုင်းတော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါမြို့နယ် သုံးခုအတွင်းက စစ်ကောင်စီရဲ့ အမာခံစခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ KNLA တပ်ရင်း ၉ ဒရုန်းအဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အလားတူ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီကနေ မွန်းတည့် ၁၂ နာရီအချိန်ထိ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တင်းဂတ်ရွာက အများပြည်သူကို မတရားဆက်ကြေးကောက် ဖမ်းဆီးနှိပ်စက် အနိုင်ကျင့်ဗိုလ်ကျနေတဲ့ ပျူစောထီးဂိတ်ကို ဒရုန်းနဲ့ ဖျက်အားပြင်း ဗုံး ၁၆ လုံး ကြဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်ကိုင်တုတ် အကြမ်းဖက်ပျူစောထီး ၂ ဦးကို ရှင်းလင်းခဲ့တယ်လို့ မြိုင် ပကဖက ထုတ်ဖော် ပြောဆိုထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ ၊ ပေါက်ပကဖ ၊ Bly ပျောက်ကျားတပ်ဖွဲ့၊ PKU Thurain ၊ Black Cobra Force (ကမ္မတပ်ပါင်းစု)နဲ့ DMG ဓားမင်းကြီးအဖွဲ့ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က အထိအခိုက်မရှိ မရှိဘူးလို့ မြိုင်ပကဖက သတင်းထုတ်ပြန်ထားပါတယ်။