ဆရာဦးလှအောင်ဟာ ကျောင်းဆရာတစ်ဦးဖြစ်ပြီး အထက်တန်း ကျောင်းသားများကို လူမျိုးဘာသာမရွေး မြန်မာစာဘာသာရပ် သင်ကြားပေးနေသူလို့ သိရပါတယ်။
ပရဟိတအလုပ်တွေနဲ့ ပညာရေးကဏ္ဍတွေမှာ အားတက်သရော လုပ်ကိုင်လို့ ဆရာဦးလှအောင်ကို ရိုဟင်ဂျာတွေအပြင် ဘူးသီးတောင်မြို့နယ်အတွင်းက ဒေသခံအများစုကပါ လေးစားကြတယ်လို့ ဆရာဦးလှအောင်ရဲ့ တပည့်တစ်ဦးက AEN ကို ပြောပါတယ်။
” ဆရာဦးလှအောင်က လူအများလေးစားတဲ့ ကျောင်းဆရာတစ်ဦးပါ။ ARSA, RSO, ARA စတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေက သူတို့ကို မထောက်ခံလို့ဆိုပြီး ဆရာ့ကို ရန်ရှာခဲ့တာတောင်ရှိတယ်။ စစ်ကောင်စီဘက်နဲ့လည်း ဆရာက ကင်းကင်းရှင်းရှင်းရှိတဲ့သူ ဆရာဦးလှအောင် ဘယ်လိုလူမျိုးလဲဆိုတာ ဘူးသီးတောင်က ရခိုင်တွေလည်း သိပါတယ်၊ ဆရာ့တပည့် ရခိုင်တွေလည်း ရှိပါတယ်” လို့ ဆရာဦးလှအောင်တပည့် ဘူးသီးတောင်မြို့ခံတစ်ဦးက ပြောပြပါတယ်။
ရက္ခိုင့်တပ်တော် AA က ကျောင်းဆရာဦးလှအောင်ကို အကြောင်းပြချက်တစ်စုံတစ်ရာမှ မပေးပဲ သူ့ရဲ့နေအိမ်ကနေ အောက်တိုဘာလ ၂၂ ရက်နေ့က ဖမ်းဆီးသွားပြီးနောက် ယနေ့အထိ အဆက်အသွယ် တစ်စုံတစ်ရာ မရတော့သလို မိသားစုဝင်တွေက သွားတွေ့နိုင်ဖို့ ကြိုးစားတာကိုလည်း AA က လက်မခံဘူးလို့ သိရပါတယ်။
” ဘယ်မှာဖမ်းတယ်ဆိုတာလဲ မပြောဘူး၊ မိသားစုဝင်တွေကိုလည်း တွေ့ခွင့်မပေးဘူး။ ဖမ်းဖို့ လာတုန်းက ဆရာက ဘာအတွက် ဖမ်းတယ်ဆိုတာကို ပြောပြပေးဖို့ ပြောတော့ လာဖမ်းတဲ့ AA တပ်ဖွဲ့ဝင်တွေက ဘာမှ မရှင်းပြတဲ့အပြင် ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုပြီး ဆွဲခေါ်သွားတာ ” လို့ ဆရာဦးလှအောင် ဖမ်းဆီးခံရတဲ့ အခြေအနေကို သိသူက ပြောပြပါတယ်။
မောင်တောမြို့နယ်ထဲ ဆရာဟာမိတ်ဆိုတဲ့ လူသိများတဲ့အသက် ၇၀ကျော် အစ္စလာမ်ဘာသာရေးပညာရှင်တစ်ဦးကိုလည်း AA ဘက်က ဖမ်းဆီးထားပါတယ်။
AA အနေနဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေနဲ့ သာမန်အရပ်သား ရိုဟင်ဂျာတွေကို ခွဲခြားမြင်ဖို့လိုတယ်။ အရပ်သားတွေကို အပြည့်အဝ အကာအကွယ်ပေးဖို့ လိုတယ်။ အခုလို ရိုဟင်ဂျာအသိုင်းအဝိုင်းက လူသိများသူတွေ ရပ်မိရပ်ဖတွေနဲ့ ဘာသာရေးပညာရှင်တွေကို ပစ်မှတ်ထား ဖမ်းဆီးနေတာတွေက လူမျိုးစုအချင်းချင်းကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် မလိုလားအပ်တာတွေ ဖြစ်လာနိုင်တယ်လို့ ရခိုင်ပြည်နယ်အရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။
AA ဖမ်းထားတဲ့ ကျောင်းဆရာဦးလှအောင်အတွက် ရိုဟင်ဂျာအသိုင်းအဝိုင်းဘက်က စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဘာကြောင့်ဖမ်းတာလဲ ဘယ်မှာဖမ်းထားတာလဲ မိသားစုဝင်တွေကိုတောင် တွေ့ခွင့်မပေးဘူးဆိုတော့ ဆရာ့အတွက် စိုးရိမ်စရာပဲလို့ ကျောင်းဆရာဦးလှအောင်ရဲ့ တပည့်ဖြစ်တဲ့ ကိုမျိုးလွင်က AEN ကို ပြောပြပါတယ်။