အမေရိကန်နဲ့ ဥရောပမဟာမိတ် နေတိုးအုပ်စုက ယူကရိန်းကို
တာဝေးပစ်လက်နက်တွေ ထုတ်ပေးပြီး ရုရှားနိုင်ငံတွင်းအထိ တိုက်ခိုက်ဖို့လုပ်ရင် အနောက်အုပ်စုနိုင်ငံတွေကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်လို့ ရုရှားသမ္မတ ပူတင်က ပြောဆိုလိုက်ပါတယ်။
ရုရှားနိုင်ငံ အတွင်းပိုင်းအထိ တိုက်ခိုက်နိုင်တဲ့ အမေရိကန်လုပ် ATACMS နဲ့ ဗြိတိန်နိုင်ငံက ထောက်ပံ့ပေးထားတဲ့ Storm Shadow ဒုံးကျည်တွေနဲ့ တိုက်ခိုက်ဖို့ အတွက် ယူကရိန်းသမ္မတ ဇီလန်းစကီးက နေတိုးအုပ်စုဆီ တောင်းဆိုနေတာ လချီကြာမြင့်နေပြီ ဖြစ်ပါတယ်။
အနောက်အုပ်စုရဲ့ အကူအညီနဲ့ ယူကရိန်းက တာဝေးပစ်ဒုံးလက်နက်တွေနဲ့ ရုရှားကို တိုက်ခိုက်လာခဲ့ရင် ပြန်လည်တုံပြန်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနကို သူ့အနေနဲ့ အမိန့်ပေးထားပြီး ဖြစ်တယ်လို့ သမ္မတပူတင်က ပြောထားတာဖြစ်ပါတယ်။
ပူတင်က သူ့ရဲ့ သတိပေးချက်ကို အနောက်အုပ်စုက အလေးထားမယ်လို့ သူ့အနေနဲ့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
ဘယ်လိုပုံစံမျိုးနဲ့ လက်တုံ့ပြန်မယ်ဆိုတာကို အတိအကျ ပြောတာမဟုတ်ပေမယ့် တာဝေးပစ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရရင် မော်စကိုက သေချာပေါက် လက်တုံ့ပြန်မယ်လို့ ပူတင်က ပြောထားတယ်လို့ သိရပါတယ်။
သမ္မတပူတင်က အနောက်အုပ်စုက ယူကရိန်းကို တာဝေးပစ်လက်နက်တွေ ထောက်ပံ့ပေးတာပေမယ့် အသုံးပြုပုံကို ယူကရိန်းတပ်တွေအနေနဲ့ တတ်ကျွမ်းမှု မရှိသေးဘူးလို့ ပြောထားပါသေးတယ်။