အီဂျစ်နိုင်ငံက ဂါဇာကမ်းမြောင်ဒေသအတွင်း နှစ်ရက်ကြာ အပစ်အခတ်ရပ်စဲဖို့ အဆိုပြုခဲ့ပြီး အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား အပြန်အလှန် သုံ့ပန်း လဲလှယ်ဖို့ကိုပါ တိုက်တွန်းထားတယ်လို့ အီဂျစ်အစိုးရအာဘော် ရုပ်မြင်သံကြားကနေ ဖော်ပြထားပါတယ်။
ပါလက်စတိုင်းအကျဉ်းသားအချို့နဲ့ အစ္စရေး ဓားစာခံလေးဦး လဲလှယ်ဖို့ ဂါဇာမှာ နှစ်ရက်ကြာ အပစ်အခတ်ရပ်စဲရေးကို အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ်စီစီ က အဆိုပြုခဲ့တာလို့ သိရပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသ နဲ့ လက်ဘနွန်မှာ သုံးရက်အတွင်း လူ ၇၀ ကျော် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါး ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ အရှေ့အလယ်အပိုင်းက သတင်းတွေအရ သိရပါတယ်။
အီဂျစ်ရဲ့အဆိုပြုချက်ကို လက်ခံပြီး အစ္စရေး ပါလက်စတိုင်း နှစ်ရက်ကြာ အပစ်အခတ်ရပ်စဲခဲ့လို့ရှိရင် ထိရောက်တဲ့ ကယ်ဆယ်ရေးနဲ့ ထောက်ပံတာတွေကို နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားလို့ ရတယ်လို့ အီဂျစ်သမ္မတက စီစီက ပြောထားတာဖြစ်ပါတယ်။
အီဂျစ်သမ္မတစီစီက အယ်လ်ဂျီးရီးယားသမ္မတ အဘ်ဒဲလ် မာဂျစ် တဘ်ဘုန်းနဲ့အတူ ကိုင်ရိုမှာ ပြုလုပ်ခဲ့တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း အစ္စရေးနဲ့ ပါလက်စတိုင်းကြား ၁၀ ရက်အတွင်း ဆွေးနွေးမှုတွေ ပြန်လည်စတင်သင့်တယ်လို့ ပြောထားပါတယ်။