465274845_583837844220831_2200286901657551977_n.jpg

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်မြို့နယ်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားရရှိခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

အဆိုပါစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားဟာ အောက်တိုဘာလ ၂၉ ရက်နေ့မှာ စခန်းစွန့်ခွါထွက်ပြေးသွားတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဒီနေ့ အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းမှာ အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၆ ဦးကို အရှင်ဖမ်းဆီးရမိထားတယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA) တပ်ဖွဲ့ရဲ့ ကွပ်ကဲရေးမှူး မောင်ဆောင်းခက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

ထိုစခန်းမှာ ထိုင်း-မြန်မာနယ်စပ်ကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စုစည်းနေထိုင်ကြပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လေးလခန့်အကြာ ဝန်းရံပိတ်ဆို့ကာ တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်း အများအပြားကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Scroll to Top