464873340_582784824326133_1497149963487952643_n.jpg

ထိုင်ဝမ်ကို ဒေါ်လာ ၂ ဘီလျံတန်ကြေးရှိတဲ့လေကြောင်းရန် ကာကွယ်ရေးစနစ်တွေနဲ့ အဆင့်မြင့် ရေဒါတွေ ရောင်းချဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်တယ်လို့ ပင်တဂွန် အရာရှိတွေက သတင်းမီဒီယာတွေကို ပြောပါတယ်။

ထိုင်ဝမ်ဟာ ဒေါ်လာ ၁.၁၆ ဘီလျံ တန်ကြေးရှိ NASAMS ဒုံးကျည်စနစ် ၃ စုံနဲ့ ဆက်စပ်ကိရိယာတွေကို မှာယူခဲ့တာဖြစ်ပြီး အားလုံးဝယ်ယူခွင့် ရရှိဖို့အတွက် အမေရိကန်ကွန်ဂရက်လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

ယူကရိန်းမှာ စမ်းသပ် အသုံးပြုခဲ့တဲ့ အဆင့်မြင့် NASAMS ဒုံးကျည်တွေ ဖြစ်တဲ့ (National Advanced Surface-to-Air Missile Systems) နဲ့ AN/TPS-77 နဲ့ AN/TPS-78 အဆင့်မြင့် ရေဒါစနစ်တွေ ထိုင်ဝမ်ကို ပထမဆုံးအကြိမ် ပေးပို့သွားပြီး ထိုင်ဝမ်ရဲ့ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ပေးသွားမယ်လို့ သိရပါတယ်။

NASAMS ဒုံးကျည်နဲ့ ထိုင်ဝမ်နိုင်ငံရဲ့ မြေပြင်-ဝေဟင်ပစ် Hawk ဒုံးကျည်တွေကို အစားထိုး သွားနိုင်ဖွယ်ရှိကြောင်း ထိုင်ဝမ်လေတပ်အငြိမ်းစားအရာရှိ ချိုယုပိုင်ကို ကိုးကားပြီး CAN သတင်းဌာနက ပြောခဲ့ပါတယ်။

ထိုင်ဝမ်ဟာ အမေရိကန်နဲ့ မဟာမိတ်ဆက်ဆံရေး တိုးမြင့်ပြီး ​ဝယ်ယူတဲ့ လက်နက်တွေကို အသုံးပြုပြီး လေကြောင်းပိုက်နက်နဲ့ ဒေသတွင်းလုံခြုံရေးကို စွမ်းရည်မြင့်အောင် ပူပေါင်းလုပ်ဆောင်သွားမယ်လို့ ကာကွယ်ရေး အေဂျင်စီ DSCA က ပြောပါတယ်။

အမေရိကန်ရဲ့ လက်နက်ရောင်းချမှုကို ထိုင်ဝမ်က ကြိုဆိုခဲ့ပြီး တရုတ်အစိုးရက ပြစ်တင်ရှုတ်ချလိုက်ကာ အဲဒါက တရုတ်-အမေရိကန် ဆက်ဆံရေးကို ဆိုးဆိုးရွားရွား ထိခိုက်မှာဖြစ်သလို ထိုင်ဝမ်ရေလက်ကြားက ငြိမ်းချမ်းရေးတည်ငြိမ်မှုကိုလည်း ထိခိုက်စေမှာဖြစ်တယ်လို့ တရုတ်ဘက်က ကြေညာချက် ထုတ်ပြန်ပါတယ်။

Scroll to Top