အပစ်အခတ်ရပ်စဲပေးဖို့ အမေရိကန်အပါအဝင် နိုင်ငံအများစုက ပြောဆိုနေစဉ်မှာပဲ ဂါဇာက အဆောက်အအုံတွေကို အစ္စရေးက နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အရှေ့အလယ်ပိုင်းက သတင်းတွေအရ သိရပါတယ်။
အောက်တိုဘာလ ၂၉ရက်နေ့ မနေ့က ဂါဇာက ငါးထပ် လူနေအဆောက်အအုံကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၉၃ ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြကြပါတယ်။ သေဆုံးသူ အရပ်သား ၉၃ ဦးထဲ ၂၅ ဦးဟာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေဖြစ်ပြီး ရာနဲ့ချီတဲ့ အရပ်သားတွေ ထိခိုက်ဒဏ်ရာရထားတယ်လို့ ပါလက်စတိုင်းကျန်းမာရေးဌာနက အတည်ပြုထားပါတယ်။
ဒါ့အပြင် အစ္စရေးဘက်က ငါးထပ်အဆောက်အအုံကို တိုက်ခိုက်ပြီးနောက် နာရီပိုင်းအကြာမှာပဲ အရပ်သားလူနေအိမ်တွေအပေါ် ဗုံးတွေကြဲခဲ့ရာ အနည်းဆုံး အရပ်သား ၁၉ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ အလ်ဂျာဇီယားသတင်းဌာနက ဖော်ပြထားပါတယ်။
အစ္စရေးရဲ့ ကလေးသူငယ်တွေနဲ့ အရပ်သားတွေ သေကျေပျက်စီးအောင် တိုက်ခိုက်မှုကို အမေရိကန်ဘက်က ကြောက်မက်ကောင်းတဲ့တိုက်ခိုက်မှုလို့ ပြောထားပါတယ်။ ကုလသမဂ္ဂ OHCHR က ယခုဖြစ်စဉ်ကြောင့် ထိတ်လန့်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဂါဇာက လူနေထူထပ်တဲ့ အရပ်သားရပ်ကွက်တွေကို အစ္စရေးဘက်က ပိတ်ဆို့တိုက်ခိုက်နေတဲ့ ၃ လတာအတွင်း ယခု ငါးထပ်အဆောက်အအုံ တိုက်ခိုက်ခံရမှုဖြစ်စဉ်ဟာ အစုလိုက်အပြုံလိုက် အရပ်သားသေဆုံးမှု အများဆုံးဖြစ်စဉ်တစ်ခုလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တာအတွင်း အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် အရပ်သားသေဆုံးမှု ဖြစ်စဉ် ၇ ခုဖြစ်ပွားခဲ့ပါသေးတယ်။