AA ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ-အမ်း) ကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများစွာနဲ့အတူ အထိနာနေတယ်လို့ စစ်ရေးအရင်းအမြစ်တွေက ပြောပါတယ်။
အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ရုံးထိုင်ပြီး ရခိုင်ပြည်နယ်အတွင်းက စစ်ဆင်ရေးတွေကို အမိန့်ပေးညွှန်ကြားနေတဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းကိုယ်တိုင် နပခ-အမ်းကနေ ထွက်ပြေးသွားပြီလို့ သိရပါတယ်။
နပခ-အမ်းကနေ ဗိုလ်မှူးချုပ် သောင်းထွန်း စီးနင်းသွားတဲ့ စစ်ရဟတ်ယာဉ်ကိုလည်း AA ဘက်က ပစ်ခတ်ခဲ့တာရှိတယ်လို့ သတင်းတွေထွက်ပေါ်ပေမယ့် AA ဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ဖရိုဖရဲဖြစ်နေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မကြာတော့တဲ့အချိန်အတွင်း AA က အလုံးစုံသိမ်းပိုက်နိုင်တော့မယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ဆိုပါတယ်။
ကဇုကိုင်း တောဟိန်းတောင်ဗျူဟာစခန်းကို AA သိမ်းပိုက်ပြီးကတည်းက နပခ-အမ်း အခြေအနေ မဟန်တော့တာလို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။ AA ဘက်က အမ်းမြို့ဟောင်းကို သိမ်းပိုက်ထားသလို ခမရ ၃၇၃ ကို သိမ်းပိုက်ထားနိုင်ပြီး နပခ-အမ်းနဲ့ ဆက်စပ် နေရာအားလုံးနီးပါးကို ဖြတ်တောက်ထားနိုင်ပြီလို့ သိရပါတယ်။
နပခစစ်တိုင်း ကျသွားရင် စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုသာလုပ်နိုင်တော့မယ့် အခြေအနေလို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။