အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် (USCIRF) အဖွဲ့ရဲ့ အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ်အထိ ဘာသာရေးလွတ်လပ်ခွင့် ဆက်လက်ဆိုးရွားနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီ အာဏာတည်မြဲဖို့ ဘာသာရေး ခေါင်းဆောင်တွေကို ဖမ်းဆီးတာ သာသနိကအဆောက်အအုံတွေကို ပစ်မှတ်ထား ဖျက်ဆီးတာတွေက မတူကွဲဲပြားတဲ့ လူမှုအသိုင်းအဝိုင်းကြားမှာ တင်းမာမှုတွေ ပိုတိုးလာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာပြည်တွင်းစစ်ကြောင့် ပြည်သူ ၃ သန်းကျော် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရသလို ပြည်ပနိုင်ငံတွေဆီ ထွက်ပြေး ခိုလုံနေရသူတွေလည်း အများအပြားရှိနေကြောင်း၊ စိန်ခေါ်မှုတွေကြားထဲက မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းအတွင်း ဘာသာရေး အကြမ်းဖက်မှုတွေ ဆက်လက်ရင်ဆိုင်နေရတယ်လို့ USCIRF ထောက်ပြထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ယခုနှစ် မေလကနေ ဩဂုတ်လအထိ လေကြောင်းတိုက်ခိုက်မှုအတွင်းအရပ်သားပြည်သူ ၄၅၅ ဦးသေဆုံးခဲ့ကာ ၈၁၉ ဦးဒဏ်ရာရခဲ့ပြီး ဘာသာရေးအဆောက်အဦ ၆၁ ခု၊ စာသင်ကျောင်း ၂၈ ကျောင်း နဲ့ ဆေးရုံ၊ ဆေးခန်း ၁၆ ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ ဥာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ အစီအရင်ခံစာကိုလည်း ကိုးကား ဖော်ပြထားပါတယ်။
ဘာသာရေးလွတ်လပ်ခွင့်ကို စနစ်တကျ ချိုးဖောက်မှုတွေနဲ့ ပက်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ (EAO) နဲ့ ပူးပေါင်း ဦးစားပေး ဖြေရှင်းရန် အမေရိကန်က နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် (USCIRF) အဖွဲ့က အကြံပြုထားပါတယ်။