465597416_585127997425149_3852397935350318692_n.jpg

AA ဘက်က ပတ်လည် ဖြတ်တောက် ပိတ်ဆို့ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီရဲ့ တစ်ခုတည်းသော စစ်စခန်းဖြစ်တဲ့ မောင်တော နခခ-၅ မြို့သူကြီး နယ်ခြားစောင့်စခန်း အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီက တိုက်လေယာဉ်၊ ရဟတ်ယာဉ်များအသုံးပြုပြီး အပြင်းအထန် တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဒီကနေ့ မနက် ၉:၀၀ ဝန်းကျင်နဲ့ နေ့လယ် ၃:၀၀ ခန့်အတွင်း စစ်ကောင်စီဘက်က လေယာဉ်နဲ့အပြင်းအထန် ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။ ဗုံးပေါက်ကွဲမှုတွေကြောင့် မီးလောင်တဲ့ဖြစ်စဉ်တချို့ ရှိတယ်လို့ သိရပေမယ့် အသေးစိတ်ကိုတော့ လောလောဆယ်အထိ အတည်ပြုလို့ မရနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးအပတ်အတွင်း AA ဘက်က နခခ-၅ စခန်းကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်ပေမယ့် စစ်ကောင်စီဘက်က ထိုးစစ်ဆင်ရာ လမ်းကြောင်းတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ထိုးစစ်ကြောင်းက စခန်းအနီးကို မရောက်ခဲ့ဘူးလို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

မောင်တောက AA ရဲ့ ပစ်မှတ်တွေကို စစ်ကောင်စီဘက်က လေကြောင်းအင်အား အလွန်အကျွံ သုံးစွဲတိုက်ခိုက်နေပြီး နခခ-၅ ကနေ နတ်မြစ်အထိ ယခင်အတိုင်း ထောက်ပို့လမ်းကြောင်း ပြန်ဖွင့်နိုင်ဖို့ ကြိုးစားနေတာလို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ နခခ-၅ စခန်းကို AA ဘက်က ပိတ်ဆို့ ဖြတ်တောက်ထားတာမို့ နခခ-၅စခန်းက ထီးထီးကြီးဖြစ်နေကြောင်း၊ စစ်ကောင်စီနေဗီနဲ့လည်း ကုန်းလမ်းကြောင်း အဆက်ဖြတ်ခံထားရသလို ဖြစ်နေတာမို့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို ရဟတ်ယာဉ်ပေါ်ကနေ လေထီးနဲ့ ချပေးနေရကြောင်း၊ စစ်ကောင်စီက AA ရဲ့ မောင်တောက ပစ်မှတ်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး လမ်းကြောင်းပြန်ပွင့်အောင် လုပ်နေတာလို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

စစ်ကောင်စီဘက်က မောင်တောကို အပြင်းအထန် ဗုံးကြဲနေတာကြောင့် အရပ်သား သေဆုံး ထိခိုက်မှု မြင့်တက်လာနိုင်ပေမယ့် မောင်တောမြို့အပါအဝင် နယ်ခြားစောင့်ဌာနချုပ်နဲ့ နယ်မြေစစ်စခန်းတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ရာ မလွယ်ကူနိုင်ဘူးလို့ သုံးသပ်ကြပါတယ်။

Scroll to Top