465036588_584217910849491_3595514088632081093_n-1.jpg

အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း အာချေးပြည်နယ်ကမ်းခြေကို အောက်တိုဘာလ ၃၁ ရက်နေ့ မနေ့က လူကုန်ကူးသူတွေစွန့်ပစ်သွားတဲ့ ရိုဟင်ဂျာ ၁၀၀ နီးပါးပါ စက်လှေတစ်စီး ရောက်ရှိလာတယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။

အဆိုပါ ရိုဟင်ဂျာစက်လှေကို အာချေးပြည်နယ် ဆူမတြာကမ်းခြေအနီးရှိ အင်ဒိုနီးရှား တံငါသည်တွေက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး လူကုန်ကူးသမားတွေက လှေနဲ့အတူ ရိုဟင်ဂျာတွေကို ပင်လယ်ထဲ စွန့်ပစ်ထားခဲ့တာဖြစ်ကြောင်း လှေပေါ်တွင် အလောင်း ၆ လောင်းနဲ့ နာမကျန်းဖြစ်နေသူများ ကလေးသူငယ်များလည်း ပါဝင်တယ်လို့ တံငါသည်တွေကို ကိုးကားပြီး အင်ဒိုနီးရှားပြည်တွင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

အင်ဒိုနီရှားအာဏာပိုင်တွေက စက်လှေကို ကမ်းကပ်ခွင့်ပြုပြီး လှေပေါ်ပါသူတွေကို အစားအစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေကာ ဒုက္ခသည်တွေကို လက်ခံထားဖို့နဲ့ ဆက်စပ်ပြီး အာဏာပိုင်တွေဘက်က ပြောထားတာ မရှိသေးဘူးလို့ အင်ဒိုနီးရှားပြည်တွင်းသတင်းတွေက ဆိုပါတယ်။

အာချေးပြည်နယ်က ဒေသခံအင်ဒိုနီးရှားတွေဟာ ရိုဟင်ဂျာတွေ လှေစီးဝင်ရောက်လာတာကို မနှစ်မြို့တော့ပဲ ဆန့်ကျင်ဆန္ဒပြမှုတွေ ရှိနေတယ်လို့ အင်ဒိုပြည်တွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ကျပ်တည်းတဲ့အခြေအနေတွေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မူလနေရပ်ကို ပြန်ရဖို့ ရေရာသေချာမှုမရှိတဲ့ အခြေအနေတွေက လူမှောင်ခိုဂိုဏ်းတွေက ရိုဟင်ဂျာတွေကို လွယ်ကူစွာ သွေးဆောင်ဖြားယောင်းနိုင်ပြီး ရိုဟင်ဂျာတွေအနေနဲ့ကလည်း ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ကို ထွက်ပြေးဖို့ အကြောင်းအရင်းလည်း ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံကမ်းခြေကို ရိုဟင်ဂျာ ၃၀၀ ဝန်းကျင် စက်လှေတွေနဲ့ ရောက်ရှိလာတယ်လို့ သိရပါတယ်။

ရောက်လာသူတွေကို လက်ခံပြီး ဘေးကင်းလုံခြုံအောင် ထားပေးဖို့ ကုလသမဂ္ဂက အင်ဒိုနီးရှားနိုင်ငံကို တောင်းဆိုထားပါတယ်။

ယခုနှစ်အတွင်း စုစုပေါင်း ရိုဟင်ဂျာ ၂,၀၀၀ ကျော် စက်လှေတွေနဲ့ အင်ဒိုနီးရှားကို ရောက်လာခဲ့ပြီး အဲ့ဒီ့အရေအတွက်ဟာ ယခင်နှစ်တွေထက် ပိုမိုများပြားတယ်လို့ UNHCR က ထုတ်ပြန်ထားပါတယ်။

Scroll to Top