ပြည်ထောင်စုအမျိုးသားညီညွတ်ရေးအစိုးရက အမှန်တရားအတွက် အသက်ကိုပဓာနမထားပဲ အကြမ်းဖက် စစ်အုပ်စုရဲ့ နှိပ်စက်မှုတွေကို အဆုံးစွန် အံတုရင် သတင်းမှန်တွေကို ပြည်သူလက်ဝယ် ကြိုးစား အရောက်ပို့ပေးနေသော ကမ္ဘာတဝန်းနဲ့ မြန်မာနိုင်ငံက သတင်းသမားတွေအားလုံးနဲ့အတူ ခိုင်ခိုင်မြဲမြဲ ရပ်တည်နေတယ်ဆိုတာကို သတင်းသမားများအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ် ကင်းလွတ်ခွင့် အဆုံးသတ်ရေး အပြည်ပြည်ဆိုင်ရာနေ့မှာ အလေးအနက်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်းသမားတွေက ခေတ်အဆက်ဆက် အာဏာရှင်တွေရဲ့ ပစ်မှတ်တွေဖြစ်နေခဲ့ပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကနေ ၂၀၂၄ အောက်တိုဘာ ၃၀ ရက်နေ့အထိ သတင်းသမား ၇၀ ကျော် အသတ်ခံရပြီး ၁၅၀ ကျော်ဖမ်းဆီး ညှင်းပမ်းနှိပ်စက်ခံခဲ့ရပါတယ်လို့ သုတေသနာပြု အချက်အလက်တွေအရ သိရှိရပါတယ်။
၂၀၂၄ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ အနက် ၁၇၁ အဆင့်ထိ နိမ့်ကျနေပြီး မြန်မာနိုင်ငံက သတင်းသမားအလုပ်ဟာ အန္တရာယ်ပြည့်နှက်နေတဲ့ အလုပ်အကိုင်တခုဖြစ်နေတယ်လို့ နယ်စည်းမခြား သတင်းထောက်များ – Reporters Without Borders (RSF) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက သတင်းလွတ်လပ်ခွင့်ကို လေးစားအသိအမှတ်ပြုကာ ကြောက်ရွံ့မှုကင်းပြီး ပြည်သူလူထုအတွက် အခြေခံရပိုင်ခွင့်တွေ နဲ့ လွတ်လွတ်လပ်လပ် ရေးသား ထုတ်ဖော်ပြောဆိုခွင့်အပေါ် ဟန့်တားနေတဲ့ အကြမ်းစစ်တပ်ကို မမေ့မလျော့ပဲ စုပေါင်းတိုက်ခိုက်ဖို့ နှိုးဆော်ထားပါတယ်။
အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် သတင်းလွတ်လပ်ခွင့်က အဓိက ဒေါက်တိုင်တစ်ခုဖြစ်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြည်တွင်း ပြည်ပ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ လက်တွဲပြီး ထိရောက်စွာ လုပ်ဆောင်သွားမှာဖြစ်ပြီး မြန်မာသတင်းသမားတွေကို ပံ့ပိုးကူညီကြဖို့ နိုင်ငံတကာအစိုးရတွေ သတင်းမီဒီယာဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ကမ္ဘာတဝန်းက နိုင်ငံသူ နိုင်ငံသားအပေါင်းကို အမျိုးသားညီညွတ်ရေး အစိုးရက တိုက်တွန်းတောင်းဆိုတယ် ဆိုပါတယ်။
ပွင့်လင်းမြင်သာမှုနဲ့ ဓမ္မအပေါ်အခြေခံကာ ကြောက်ရွံ့မှုမရှိအသက်ကို ပဓာနမထားတဲ့ သတင်းသမားတွေကို မယိမ်းမယိုင် အမြဲ ထောက်ခံပံပို့ ပေးသွားမှာ ဖြစ်ပြီး တရားမျှတမှု၊ ဓမ္မတရား နဲ့ လွတ်လပ်ခြင်းတွေ ထွန်းကားမယ့် အနာဂတ် မြန်မာနိုင်ငံတော် တည်ထောင်နိုင်ရေးတိုက်ပွဲကို အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ကြေညာချက်ထဲ ဖော်ပြထားပါတယ်။